စကားပြောဆိုမှုဟာ သိမ်မွေ့တဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့စကားပြောဆိုမှုပုံစံက သင်ဘယ်လိုလူမျိုးလဲဆိုတာကို ပတ်ဝန်းကျင်ကသိနိုင်အောင် အချက်ပြနေပါတယ်။ သင်က ယုံကြည်မှုအပြည့်နဲ့ စကားပြောနေမယ်ဆိုရင် သင်ပြောသမျှကို အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ လူတွေက ယူဆတတ်ကြပြီး၊ စကားပြောကောင်းသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ စိတ်ထားမြင့်မြတ်တဲ့ ခေါင်းဆောင်၊ ချက်ကျလက်ကျ စဉ်းစားတွေးခေါ်တတ်သူ၊ ယုံကြည်ထိုက်သူ စသဖြင့် လူတွေက မှတ်ယူလိုက်တတ်ကြပါတယ်။ ဒ့ါကြောင့် စကားကို ယုံကြည်မှုရှိရှိနဲ့ ရှင်းရှင်းလင်းလင်းပြောတတ်ဖို့က အရေးကြီးပါတယ်။ ဒီလိုပြောတတ်ဆိုတတ်ဖို့အတွက် အချိန်ကုန်ခံပြီး သင်တန်းတွေတက်နေစရာမလိုပါဘူး။ ပြောဆိုဆက်ဆံတဲ့အခါမှာ အပြောင်းအလဲအနည်းငယ်လုပ်လိုက်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကလူတွေနဲ့ ထိထိရောက်ရောက်ဆက်ဆံနိုင်ဖို့အတွက် အသုံးဝင်မယ့် နည်းလမ်း(၃)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ နားထောင်မည့် ပရိသတ်ကို အာရုံစိုက်ပါ။
လူအများနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ သင်ပြောချင်တာကို ပြောဖို့လိုတယ်လို့ မတွေးထားသင့်ပါဘူး။ ဒီအချက်က အများစုမှားတတ်ကြတဲ့ အချက်ဖြစ်ပါတယ်။ တကယ်စကားပြောကောင်းသူတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် ပြောတဲ့အကြောင်းအရာက နားထောင်တဲ့ ပရိသတ်အတွက် အကျိုးရှိပြီး သူတို့ကြားသိချင်တဲ့အကြောင်းအရာ ဖြစ်ဖို့ လိုပါတယ်။ နားထောင်သူပရိသတ်က ဘာကိုကြားသိချင်လဲဆိုတာကို အာရုံစိုက်မှန်းဆပြီး ဆက်သွယ်နိုင်ပြီဆိုရင် ပြောဆိုဆက်သွယ်မှုက အဓိပ္ပါယ်ပြည့်ဝကောင်းမွန်လာမှာ ဖြစ်ပါတယ်

၂။ ကိုယ်တွေ့အကြောင်းအရာလေးတွေ ဖြည့်စွက်ပြောဆိုပါ။
စကားပြောဆိုတဲ့အခါမှာ အချက်အလက်တွေ၊ ညွှန်ကြားချက်တွေချည်းပဲ ပြောနေတာမျိုးကလည်း စိတ်ခံစားမှု မပါဝင်တဲ့အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ပြောတဲ့သူနဲ့ နားထောင်သူအကြားမှာ ဆက်သွယ်မှုပိုကောင်းလာဖို့အတွက် ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပမာ သာဓကတွေ၊ ကိုယ်တွေ့ဖြစ်ရပ်လေးတွေ ဖြည့်စွက်ပြောဆိုပေးဖို့ လိုအပ်ပါတယ်။

 

၃။ ပုံမှန်အတိုင်းပဲ ပြောဆိုပါ။

ခေါင်းဆောင်အများစုက စကားပြောတဲ့အခါမှာ ပညာရပ်စကားလုံးတွေ၊ စကားလုံးဆန်းဆန်းတွေကို ထည့်သွင်း ပြောဆိုလေ့ရှိပါတယ်။ ဒီလိုပြောဆိုရတဲ့အကြောင်းရင်းက သူတို့အနေနဲ့ ဒီနယ်ပယ်မှာ ဘယ်လောက်ထိ ကျွမ်းကျင်နှံ့စပ်မှုရှိတယ် ဆိုတာကို ဖော်ပြချင်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုပြောလို့ လူတွေက အထင်ကြီးလေးစားမယ်မထင်ပါနဲ့။ အတင်းကြီးဂုဏ်ဖော်နေသလို ဖြစ်တာကြောင့် လူတွေက နှာခေါင်းရှုံ့ကြပါလိမ့်မယ်။ ဒ့ါကြောင့် ပညာရပ်ဆိုင်ရာစကားလုံးတွေကို လိုအပ်တဲ့နေရာမှာပဲ သုံးစွဲပြီး သာမန်ရိုးရှင်းစွာ ပြောဆိုဆက်ဆံတာက ပိုပြီးတော့ ထိရောက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။

 

No Internet Connection